ဝမ်းနည်းမှတ်တမ်း – ဆရာ နီကိုရဲ ကွယ်လွန်

ကျွန်တော်စာအုပ်စင်မှာ ဒီလိုမျိုးပိုစ့်တွေတင်ကို မတင်ချင်တာပါ။ နီကိုရဲဆိုတာကို သိကြားနဲ့အသူရာဆိုတဲ့ စာအုပ်လေးဖတ်ပြီးထဲက သူထွက်သမျှစာအုပ်တွေကို စွဲစွဲလမ်းလမ်းနဲ့ ဖတ်လာခဲ့တာပါ။ အရမ်းပေါ့ပါးတဲ့ အရေးအသားနဲ့ ကျွန်တော်တို့ ခေတ်နဲ့တစ်သားတည်းကျနေတဲ့ သူရဲ့ ရေးဟန်တွေက စာဖတ်ပရိသတ်တွေကြားမှာ နာမည်တစ်လုံးရခဲ့ပါတယ်။ အခုတော့ သူစာအုပ်တွေ နောက်ထပ်ဖတ်ခွင့်မရနိုင်အောင် သူနှုတ်ဆက်သွားပြန်ပြီ။

အောက်ပါ သတင်းကတော့ ဧရာဝတီ မှာဖော်ပြထားတဲ့ နာရေးသတင်းလေးပါ။

ထင်ရှားသော စာရေးဆရာ တဦးဖြစ်သည့် နီကိုရဲ (ခ) ကိုရဲဝင်း သည် သောကြာနေ့ည ၁၂ နာရီခန့်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း

ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် ၂၇ ရက်နေ့ တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု စာပေအသိုင်းအ၀ိုင်းက ဆိုသည်။

“သူက နှလုံးရောဂါလည်းရှိတယ်၊ တခြားရောဂါလေးတွေလည်းရှိတယ်၊ ၂၇ ရက်နေ့ သင်္ဂြိုဟ်ဖို့ စီစဉ်ထား တယ်တဲ့၊ သူ့ရေးဟန်တွေက ထူးခြားတယ်၊ သူ့လိုနေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူဆုံးသွား တယ် ဆိုတာ လုံးဝကို မယုံနိုင်ဘူး၊ ဘာပြောရမှန်းကို မသိအောင်ပါဘဲ”ဟု စာရေးဆရာ မင်းလူက ဧရာဝတီ သို့ ပြောသည်။

မိတ်ဆွေအပေါင်းအသင်းများကို ရိုင်းပင်းကူညီတတ်ပြီး ပျော်ပျော်ပါးပါးနေတတ်သူဖြစ်သောကြောင့် ယခုလို ဆုံးပါးသွားသည်ကို နှမြောတသဖြစ်မိသည်ဟုလည်း အနုပညာရှင်များက ဆိုကြသည်။

နီကိုရဲနှင့်အတူ အနုပညာလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသော ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က လည်း “သူနဲ့ကျနော့်မှာ အမှတ်တရတွေ အများကြီးပဲခင်ဗျ၊ သူနဲ့ကျနော် တခောတ်ဖြစ်ခဲ့တယ်ဆို မမှား ဘူး ဗျ၊ ကားတွေလည်း အများကြီးရိုက်ခဲ့ဖူးတယ်၊ သူလိုလူတော် တယောက်ဆုံးရှုံးသွားတာ စာပေလောက အတွက်ရော ရုပ်ရှင်လောကအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” ဟု ပြောသည်။

သူရေးသားခဲ့သည့် ဟာသနှောသော လူ့ဘ၀ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (၀တ္ထုတိုစု) ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ၀တ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ၀တ္ထုများဖြစ်သည်။

သူ၏ ၀တ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။

စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄၀ နီးပါး ရိုက်ကူးခဲ့ဖူးပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားငယ် တဦး ကျန်ရစ်ခဲ့သည်။

VN:F [1.9.1_1087]
Rating: 8.8/10 (16 votes cast)
VN:F [1.9.1_1087]
Rating: +6 (from 6 votes)
ဝမ်းနည်းမှတ်တမ်း - ဆရာ နီကိုရဲ ကွယ်လွန်, 8.8 out of 10 based on 16 ratings

Popularity: 4% [?]

Related posts:

  1. နီကိုရဲ ၏ စာအုပ်များ

About the Author