မင်းသိင်္ခ ကွယ်လွန်…

နာမည်ကျော် ဗေဒင်ဆရာ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်
အေးလဲ့ | သြဂုတ် ၁၊ ၂၀၀၈

နာမည်ကျော် ဗေဒင်နက္ခတ္တ ဆရာ၊ စာရေးဆရာ မင်းသိင်္ခသည် ယနေ့နံနက်က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်းတွင် ကွယ်လွန်သွားခဲ့သည်။

မင်းသိင်္ခ (ဓာတ်ပုံ – ဧရာဝတီ)

“မနက် ၆ နာရီခွဲ ဝန်းကျင်လောက်က ဆုံးတာ၊ အဓိကကတော့ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ဆုံးသွားပါတယ်”ဟု သုခကမ္ဘာ ဆေးခန်းမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

အဆိုပါ မင်းသိင်္ခ (အမည်ရင်း ဦးအောင်ထွန်း) သည် ကွယ်လွန်ချိန် တွင် အသက် ၇၀ နှစ်ရှိပြီး ရန်ကုန်မြို့ ကျောက်မြောင်း တွင် အဖ ပန်းချီဆရာ ဦးစံရှိန်နှင့် အမိဒေါ်တင်တို့မှ ၁၉၃၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမ ၇ ဦးရှိသည့်အနက် သားအကြီးဆုံးဖြစ်သည်။

မင်းသိင်္ခ၏ တပည့်တဦးဖြစ်သူ ဇင်ယော်နီက “အဘမဆုံးခင်က မနေ့ မနက်ပိုင်းလောက်မှာ ဆေးရုံတင်လိုက်ရသေးတယ်၊ အခု အဘရဲ့ အလောင်းကိုတော့ မှော်ဘီကိုပြန်သယ်လို့ မရတော့တဲ့အတွက် ရေဝေး သုသာန် ရေခဲတိုက်မှာ ထားပါတယ်” ဟု ပြောသည်။

မင်းသိင်္ခသည် ၂၀၀၃ ခုနှစ်ကတည်းက နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရပြီး နောက်ပိုင်း ကျန်းမာရေး မကောင်းဖြစ်ခဲ့ကြောင်း လည်း ၎င်းကပြောသည်။

မင်းသိင်္ခသည် စိန်ပေါလ် ကျောင်းတွင် ဆယ်တန်းတက်နေချိန် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ကြောင်းနှင့် အလံနီကွန်မြူနစ် ပါတီတွင် ၀င်ရောက်လှုပ်ရှားခဲ့မှုကြောင့် ထောင် ၇ နှစ် ကျခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း ၁၉၇၀ ကျော်ကာလများ၌ တောင်ကြီးမြို့တွင် ဗေဒင် စတင်ဟောကြားပြီး စာလည်း ရေးကြောင်းသိရသည်။

၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်ရောက်ပြီး မင်းသိင်္ခသည် မနုစာရီ လုံးချင်းဝထ္ထုဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး နာမည်ကျော် “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲများမှာ စာဖတ်ပရိသတ်များ အကြားတွင် စွဲစွဲလမ်းလမ်း ဖတ်ခဲ့ရကြောင်းကို စာဖတ်သူတဦးက ယခုလို ပြောသည်။

“အသက် ၁၁ နှစ်သား အရွယ်ကတည်းက “ဆားပုလင်းနှင်းမောင်” ဇာတ်လမ်းတွဲတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတယ်၊ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ ကိုမိုးဆွေ၊ မိုးသီး၊ ကိုသေတ္တာတို့က စွန့်လွှတ်စွန့်စားတယ်၊ အနစ်နာခံတယ်၊ ဒါတွေဟာ လူငယ်တွေကို စံပြထားလောက်တဲ့ ဇာတ်ကောင်တွေဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။

မနုစာရီ၊ ပုဏ္ဏားဘကွန်း၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား စတဲ့စာအုပ်များမှာလည်း မင်းသိင်္ခ၏ ရေပန်းအစားဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။

မင်းသိင်္ခသည် ၁၉၈၈ အရေးအခင်း ဖြစ်ပွားချိန်တွင်လည်း တရားဟောပြောခဲ့မှုကြောင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့လယ်တွင် အဖမ်းခံခဲ့ရပြီး ထပ်မံ၍ နှစ်ရှည်ထောင်ဒဏ် ကျခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ထောင်မှ ပြန်လွတ်သည်။
ထောင်မှ ထွက်လာပြီးနောက်ပိုင်းတွင် မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ ခြံတွင်နေထိုင်ပြီး လက္ခဏာ၊ ဂမ္ဘီရ၊ ဗေဒင်၊ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြား၊ ယတြာပေးခြင်း အလုပ်များကို လုပ်ကိုင်ခဲ့သည်။

မင်းသိင်္ခသည် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် ၂၀၀၉ ခုနှစ်အတွက် နက္ခတ္တ ဗေဒ ပါရဂူဘွဲ့ နှင့် ဗေဒင်ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (၂) ခုကိုလည်း သွားရောက်ယူရမည်ဟု သိရသည်။
မင်းသိင်္ခ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ၌ ရေဝေးသုသာန်တွင် ဂူသွင်း င်္သဂြိုလ်မည် ဖြစ်ကြောင်း ဇင်ယော်နီက ပြောသည်။

VN:F [1.7.8_1020]
Rating: 0.0/10 (0 votes cast)
VN:F [1.7.8_1020]
Rating: 0 (from 0 votes)
  • Share/Bookmark
  1. No comments yet.

  1. No trackbacks yet.

မူရင်းစာရေးဆရာများ နှင့် သက်ဆိုင်သူများထံသို့

ကျွန်တော်တို့ရဲ့ ၀ိညာဉ်သစ် စာအုပ်စင်လေးက အနယ်နယ်အရပ်အရပ်မှာ ရှိတဲ့ စာပေငတ်နေတဲ့ မြန်မာစာအုပ်ချစ်သူတွေဖို့ အွန်လိုင်းစာကြည့်တိုက်တစ်ခုအနေနဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၀ိညာဉ်သစ် စာအုပ်စင်လေးက ဖိုရမ်တွေ ဘလောဂ့်တွေ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ တင်ထားတဲ့ စာအုပ်တွေကို စုစည်းပြီး တနေရာထဲမှာ တစ်စုတစ်စည်း အလွယ်တကူ ဖတ်နိုင်အောင် ပြုလုပ်ထားတဲ့ နေရာလေးတစ်ခုပါ။ ကျွန်တော်တို့ရဲ့လည်း ဒီစာအုပ်စင်လေး လုပ်တာဟာ အချိန်အား လူအား ငွေအားကုန်ပေမယ့် ဘာအခကြေးငွေ အကျိုးအမြတ် တစ်စုံတရာမှ ပြန်လည်ရရှိခြင်း/တောင်းခံခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် စာပေချစ်သူတွေရဲ့ ကျေးဇူးတင်စကားတွေကကျွန်တော်တို့ ဆက်လက်လုပ်ဖို့ အားဆေးတစ်ခုဖြစ်ခဲ့ပါတယ်။ မူရင်းစာရေးဆရာများ အနေနဲ့လည်း ကျွန်တော်တို့ကို နားလည် ခွင့်လွတ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးအရ အမြတ်ထုတ်ခြင်း မဟုတ်ပဲ နိုင်ငံတကာက စာပေချစ်သူတွေဖို့ စာကြည့်တိုက်လေးတစ်ခုအနေနဲ့ ရှိစေချင်တဲ့ ဆန္ဒတစ်ခုထဲရှိခဲ့တာကို မူရင်းစာရေးဆရာများ နားလည်ပေးဖို့ တောင်းပန်အပ်ပါတယ်။ ။ ကျွန်တော်တို့ စာအုပ်စင်လေးမှာ စာရေးဆရာများရဲ့ အသစ်စက်စက်စာအုပ်များကို ထွက်ပြီးအချိန်အနည်းငယ်ကြာမှ (အနည်းဆုံး - ၄၅ရက်)တင်ပေးသွားပါမယ်။ အကယ်လို့ သက်ဆိုင်သူများ စာရေးဆရာများ ထုတ်ဝေသူများအနေနဲ့ မိမိတို့စာအုပ်များကို မတင်စေချင်ပါကလည်း ကျွန်တော်တို့ ပူပေါင်းဆောင်ရွက်သွားပါမယ်။