ဝမ်းနည်းမှတ်တမ်း – ဆရာ နီကိုရဲ ကွယ်လွန်
ကျွန်တော်စာအုပ်စင်မှာ ဒီလိုမျိုးပိုစ့်တွေတင်ကို မတင်ချင်တာပါ။ နီကိုရဲဆိုတာကို သိကြားနဲ့အသူရာဆိုတဲ့ စာအုပ်လေးဖတ်ပြီးထဲက သူထွက်သမျှစာအုပ်တွေကို စွဲစွဲလမ်းလမ်းနဲ့ ဖတ်လာခဲ့တာပါ။ အရမ်းပေါ့ပါးတဲ့ အရေးအသားနဲ့ ကျွန်တော်တို့ ခေတ်နဲ့တစ်သားတည်းကျနေတဲ့ သူရဲ့ ရေးဟန်တွေက စာဖတ်ပရိသတ်တွေကြားမှာ နာမည်တစ်လုံးရခဲ့ပါတယ်။ အခုတော့ သူစာအုပ်တွေ နောက်ထပ်ဖတ်ခွင့်မရနိုင်အောင် သူနှုတ်ဆက်သွားပြန်ပြီ။
အောက်ပါ သတင်းကတော့ ဧရာဝတီ မှာဖော်ပြထားတဲ့ နာရေးသတင်းလေးပါ။
ထင်ရှားသော စာရေးဆရာ တဦးဖြစ်သည့် နီကိုရဲ (ခ) ကိုရဲဝင်း သည် သောကြာနေ့ည ၁၂ နာရီခန့်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်းကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် ၂၇ ရက်နေ့ တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု စာပေအသိုင်းအ၀ိုင်းက ဆိုသည်။
“သူက နှလုံးရောဂါလည်းရှိတယ်၊ တခြားရောဂါလေးတွေလည်းရှိတယ်၊ ၂၇ ရက်နေ့ သင်္ဂြိုဟ်ဖို့ စီစဉ်ထား တယ်တဲ့၊ သူ့ရေးဟန်တွေက ထူးခြားတယ်၊ သူ့လိုနေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူဆုံးသွား တယ် ဆိုတာ လုံးဝကို မယုံနိုင်ဘူး၊ ဘာပြောရမှန်းကို မသိအောင်ပါဘဲ”ဟု စာရေးဆရာ မင်းလူက ဧရာဝတီ သို့ ပြောသည်။
မိတ်ဆွေအပေါင်းအသင်းများကို ရိုင်းပင်းကူညီတတ်ပြီး ပျော်ပျော်ပါးပါးနေတတ်သူဖြစ်သောကြောင့် ယခုလို ဆုံးပါးသွားသည်ကို နှမြောတသဖြစ်မိသည်ဟုလည်း အနုပညာရှင်များက ဆိုကြသည်။
နီကိုရဲနှင့်အတူ အနုပညာလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသော ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က လည်း “သူနဲ့ကျနော့်မှာ အမှတ်တရတွေ အများကြီးပဲခင်ဗျ၊ သူနဲ့ကျနော် တခောတ်ဖြစ်ခဲ့တယ်ဆို မမှား ဘူး ဗျ၊ ကားတွေလည်း အများကြီးရိုက်ခဲ့ဖူးတယ်၊ သူလိုလူတော် တယောက်ဆုံးရှုံးသွားတာ စာပေလောက အတွက်ရော ရုပ်ရှင်လောကအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” ဟု ပြောသည်။
သူရေးသားခဲ့သည့် ဟာသနှောသော လူ့ဘ၀ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (၀တ္ထုတိုစု) ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ၀တ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ၀တ္ထုများဖြစ်သည်။
သူ၏ ၀တ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။
စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄၀ နီးပါး ရိုက်ကူးခဲ့ဖူးပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားငယ် တဦး ကျန်ရစ်ခဲ့သည်။
Popularity: 5% [?]





တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်. မကြည်ပြာနဲ့သူ့အလွဲတွေရေးကတည်းက စပြီးသတိထားဖတ်ခဲ့ပါတယ်. သူကအလွဲလေးတွေကို ခပ်သွက်သွက်ရေးပြပြီး လူ့သဘာဝကို ပါးပါးလေးထုတ်ပြသွားတာပါ.။ ကိုယ်တိုင်အလွဲတွေကြုံရတဲ့အခါ သူရေးတာလေးတွေစဉ်းစားပြီး ဖြေသိမ့်ရီစရာတွေလုပ်ပစ်တဲ့အထိပါပဲ။ နှမျောတယ်လို့ပဲပြောပါရစေ . တာရာမင်းဝေပြီးတော့ သူနှုတ်ဆက်သွားပြန်ပြီ . ကျန်တဲ့ ဆရာတွေလဲ ကျန်းမာရေးလေးဂရုစိုက်ကြပါနော် . တစ်ယောက်ရဲ့ စာဆိုပေမဲ့ ဖတ်ကြတာက လူအများလေ ။ စာဖတ်ပရိသတ်ကို စိတ်မကောင်းခဏခဏဖြစ်အောင်မလုပ်ကြပါနဲ့ .။ ယမကာဆရာတွေလဲလျှော့သောက်ကြပါနော် . ကျန်တာကတော့ကံပေါ့လေ.။ ဘာရောဂါနဲ့ဖြစ်ဖြစ် အသက်ကလေးရှည်စေကြောင်းတော့ ဆုမွန်ကောင်းအမြဲတမ်းတောင်းပေးနေပါတယ်။ ဦးနီကိုရဲရဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းရပါတယ်။
Very difficult to describe my sad feeling of losing one of my best friend,including one of the famous artist in Burma.I insist honour his attractive writting style.I always remember the time we pass together happly the live but now already lost our costly time we never get again.Ne Ko YE such a man is an honour to our nationality.I feel so sad equally as his family.
Htoo Antt,Update Music Band (U.S.A)
ဆရာနီကိုရဲတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ အရင်ဆုံးဆုတောင်းလိုက်ပါရစေ—-။
ကျွန်တော်တတွေကိုပစ်သွားပြန်ပြီ
အရင်တစ်ယောက်ကိုလွမ်းလို့မှမပြေသေးခင်မှာပဲ
နောက်တစ်ယောက်က ထားခဲ့ပြန်ပြီ
ဘာရယ်လို့မယ်မယ်ရရ ပြောမပြတတ်ပေမဲ့
သိပ်ဝမ်းနည်းတယ်
ဆရာ့ရဲ့ နှလုံးနဲ့ သွားသည် ဆိုတဲ့စာအုပ်ထဲက
ကဗျာလေးကိုအမှတ်တရ ကျွန်ပြန်ရွတ်ပြပါရစေဗျာ—
ချစ်ခြင်းမေတ္တာဖြစ်ခွင့်မရသေးတဲ့
ကြင်နာမှူက
ငါ့အနားမှာ
(မှော်ဆရာ)လိုရုပ်ဖျက်ပြီးရပ်နေတယ်။
တို့နှစ်ယောက်ရယ်သံတွေကို
မှော်ဆရာက
ရောင်စုံလိပ်ပြာတွေလုပ်ပစ်တယ်။
မပြောဖြစ်တဲ့စကားတစ်ခွန်းကို
ရုပ်ရှင်တစ်ကားလုပ်ပစ်တယ်။
သက်ပြင်းတခုကို
ရင်ဘတ်မှာ(သောင်)လိုကပ်ချထားတယ်။
လမင်းကိုတြိဂံပုံဖြစ်သွားအောင်
နှလုံးသားထဲမှာ
စစ်အောင်ဘင်ခရာ တစ်ဖွဲ့ကိုထည့်ပေးထားတယ်။
ညနေရီကို
တကိုယ်လုံးမြင်ရမယ့်ကျွန်းပေါ်မှာ
နှင်းဆီတွေကိုပျိုးကြဲပေးပြီး
လက်တွေကို ဆူးနဲ့ရင်းနှီးစေမယ့်
ဂါထာတစ်ပိုဒ် ပြန်စိုက်ပေးတယ်။
ခွင့်လွှတ်ပါ—-(ဒါမှမဟုတ်ရင်လည်း)
ခွင့်ပြုပါ————-။
ငါ——နင့်ကို——သိပ်ချစ်တယ်—-
အဲဒီစကားနားမှာ
အိပ်မောကျနေတဲ့ မှော်ဆရာအိပ်မက်ထဲ
စိုးရိမ်မှူတွေနဲ့ရေးဖွဲ့တဲ့အိပ်မက်တွေ
တွန်းချလိုက်မယ်။
(မျှော်လင့်ချက်မှန်သမျှအချစ်ကစခွင့်ရပါစေ)လို့
အိပ်မောကျနေတဲ့———-
မှော်—ဆ—-ရာ———ရဲ့————။
ဆရာ နီကိုရဲ ရဲ့ စာတွေနဲ့ပေါ့ပေါ့ပါးပါးနေခဲ့ရတဲ့နေရက်တွေအတွက် ဆရာ့ကို ကျေးဇူးတင်ရင်းနဲ့ ဆရာနီကိုရဲ တစ်ယောက် ကောင်းရာကိုလားပါစေလို့ဆုတောင်းလိုက်ပါတယ်။
တယောက်ပြီးတယောက်ပြန်လည်ထွက်ခွာသွားကြပြီပေါ့
ခပ်ပါးပါးသာရှိတဲ့စံမှီစာရေးဆရာတွေအတွက်…
ကြေကွဲနေရတဲ့သာမန်စာဖတ်ပရိတ်တယောက်ဆိုပေမဲ့ …
ကျနော့်မှာသူ့ အတွက်ပြောမပြတတ်အောင်နှမျောတယ်
အချိန်တန်တော့လည်းဘယ်သူမှတားမရပါဘူးဗျာ..
…………………………….
ကျွန်တော်ရဲ့
ကောင်းကင်တစ်ခုကြွေလွင့်သွားတာ
မဟုတ်ပေမဲ့
ကျွှန်တော်ရဲ့
အစိတ်ပိုင်းတစ်ခုပျောက်ဆုံးသွားခဲ့တယ်
ဒါပေမဲ့
ကျွန်တော်ဘာမှမတတ်နိုင်ပါဘူးဗျာ
ဝမ်းနည်းရုံကလွဲလို့